ABOUT US
မြန်မာနိုင်ငံ ဗိသုကာကောင်စီ
မြန်မာနိုင်ငံဗိသုကာကောင်စီ ဥပဒေကို (၂၀၁၄)ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၉ အရ နိုင်ငံတော်သမ္မတမှ အတည်ပြု လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေငြာခဲ့သည်။
မြန်မာနိုင်ငံဗိသုကာကောင်စီကို တာဝန်ခံဝန်ကြီးဌာနဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။ ကောင်စီ၏ သက်တမ်းမှာ (၄)နှစ်ဖြစ်သည်။
ရည်ရွယ်ချက်
ဗိသုကာအသိပညာ၊အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်။
ဗိသုကာပညာဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ဗိသုကာပညာရှင် ၊ ဗိသုကာ ဗိသုကာဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာ ကျွမ်းကျင်သူများ ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်။
ဗိသုကာပညာ၊ ဗိသုကာအလုပ်များနှင့် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းများတွင် စနစ်တကပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်။
အဖွဲ့ဝင်များနှင့် ရွေးချယ်ပုံ
မြန်မာနိုင်ငံ ဗိသုကာကောင်စီကို ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်။
တာဝန်ခံဝန်ကြီးဌာန ဖြစ်သော ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဗိသုကာ(၄)ဦး၊ ဗိသုကာပညာသင်ကြားရေးဆိုင်ရာ တက္ကသိုလ်မှ(၂)ဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဗိသုကာ(၁)ဦး၊ အစိုးရမဟုတ်သော ဗိသုကာပညာရပ်ဆိုင်ရာ အသင်းအဖွဲ့ဖြစ်သော မြန်မာနိုင်ငံဗိသုကာအသင်းမှ ရွေးကောက်ခံ ဗိသုကာပညာရှင် (၁၈)ဦး နှင့်ဝါရင့်ဗိသုကာပညာရှင် (၃)ဦး၊ စုစုပေါင်း (၂၉)ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
ဖွဲ့စည်းပုံ
ကောင်စီဝင် (၂၉)ဦးမှာ ဥက္ကဌ တစ်ဦး၊ ဒုတိယ ဥက္ကဌ နှစ်ဦး၊ အထွေထွေ အတွင်းရေးမှူး တစ်ဦး၊ တွဲဖက် အတွင်းရေးမှူး နှစ်ဦး နှင့် ဘဏ္ဍာရေးမှူး တစ်ဦးပါဝင်သော အလုပ်အမှုဆောင်အဖွဲ့(၁၅)ဦးတို့ကို ဖွဲ့စည်းထားသည်။
အခန်းကဏ္ဍ၊ တာဝန် နှင့် လုပ်ပိုင်ခွင့်
ဗိသုကာကောင်စီ၏ အခန်းကဏ္ဍ၊ တာဝန် နှင့် လုပ်ပိုင်ခွင့်များမှာ အဓိကအားဖြင့် သုံးပိုင်းရှိသည်၊ ဗိသုကာပညာရေး၊ ဗိသုကာအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အခြား ဆက်စပ်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။
ဗိသုကာပညာရေး
ဗိသုကာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစီစစ် အသိအမှတ်ပြုရေးနှင့် ဗိသုကာစဉ်ဆက်မပြတ် သင်ကြားရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိသည်။
ဗိသုကာအသက်မွေးဝမ်းကျောင်းလုပ်ငန်း
ဗိသုကာအသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် မှတ်ပုံတင်လက်မှတ်စီစစ်ရေး၊ ကျင့်ဝတ် သိက္ခာထိန်းသိမ်းရေး၊စည်းကမ်းထိန်းသိမ်းရေး၊ စံချိန်စံညွှန်းနှင့် ဗိသုကာပညာရပ်ဆိုင်ရာ ကျင့်ထုံးများပြုစုရေး၊ဗိသုကာ ပညာရပ်ဆိုင်ရာ ကုမ္မဏီများ၊ အဖွဲ့အစည်းများ စီစစ် အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိသည်။
ဗိသုကာနှင့် ဆက်စပ်သော အဖွဲ့အစည်းများ
ပြည်နယ်တိုင်းများတွင်ရှိသည့် စည်ပင်သာယာရေး ကော်မတီ ၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန များတွင် စာတမ်းဖတ်ခြင်း၊ ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများ ရေးသားပြုစုရာတွင် ပါဝင်ကူညီခြင်း၊သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဗိသုကာဆိုင်ရာ လိုအပ်ချက်များအတွက် အကဲဖြတ်စီစစ်ခြင်းများတွင် ပါဝင်ကူခြင်းများ ဆောင်ရွက်နေပါသည်။